Ooredoo ကွန်ရက်သည် မန္တလေးနှင့် နေပြည်တော်မြို့၌
ကွန်ရက်အပြည့်အ၀ရရှိနေသော်လည်း ရန်ကုန်မြို့နှင့် အနီးဝန်းကျင်၌
ကွန်ရက်အပြည့်အ၀မရှိသေးကြောင်း သိရသည်။ သြဂုတ်လအတွင်း ရန်ကုန်မြို့အတွက်
ကွန်ရက်ပြည့်ဝစွာ လွှမ်းခြုံပေးနိုင်မည်ဟု Ooredoo က ခန့်မှန်းထားပြီး ပြည်၊
မကွေးနှင့် မိတ္ထီလာမြို့အပါအ၀င် မြို့ပေါင်း ၆၈
မြို့ဆီသို့ကွန်ရက်ရောက်ရှိလာမည် ဟု သိရသည်။
Ooredoo ဖုန်းလိုင်းများကို ဇူလိုင်လ ၂၉ ရက်နေ့တွင် မန္တလေးမြို့၌ စတင်ရောင်းချခဲ့ခြင်းဖြစ်ပြီး ခေါ်ဆိုခနှုန်းထားကို ၂၅ ကျပ် (အော်ပရေတာတူ) နှင့် ၃၅ ကျပ် (အခြား အော်ပရေတာ) ဟူ၍သတ်မှတ်ခဲ့ကာ အင်တာနက်အသုံးပြုခကို 1MB လျှင် ၂၅ ကျပ်နှုန်း သတ်မှတ်ခဲ့သည်။ မိုဘိုင်းဖုန်းခေါ်ဆိုခနှင့် ပတ်သက်၍ ဝေဖန်မှုများထွက်ရှိ မလာခဲ့သော်လည်း အင်တာနက်အသုံးပြုခနှင့် ပတ်သက်၍ အော်ရီဒူးကို အသုံးပြုသူများက များပြားသည်ဟု ဝေဖန်ခဲ့သည်။
“စမ်းသုံးကြည့်ပါလို့ပဲ ပြောချင်တယ်။ ဒါနဲ့ပတ်သက်ပြီး စိတ်ပူစရာဘာမှမရှိဘူး။ နောက်ပိုင်းမှာ ပရိုမိုးရှင်းတွေ အများကြီး ဖြစ်လာပါလိမ့်မယ်။ ဈေးကွက်သဘောအရ အသုံးပြုတဲ့လူစိတ်ကျေနပ်မှုဖြစ်စေ ရပါမယ်” ဟု ဈေးနှုန်းနှင့် ပတ်သက်၍ ဝေဖန်သည့်အပေါ် Ooredoo ၏ ဈေးကွက်ဒါရိုက်တာဖြစ်သူ ဦးမြင့် ဇော်ကပြောသည်။ လက်ရှိအော်ရီဒူးသက်မှတ်လိုက် သည့်ဈေးနှုန်းသည် နိုင်ငံတကာ ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက သက် သာသည့်နှုန်းထားဖြစ်ကြောင်း၊ အခြားသောအော်ပရေတာကို ခေါ်ဆိုပါက တစ်မိနစ် ၃၅ ကျပ် ကောက်ခံခြင်းသည် အော်ပရေတာ အချင်းချင်း နှုန်းထားတစ်ခု ပေးဆောင်ရသည့်အတွက် ကောက်ခံ နေခြင်းဖြစ်ကြောင်း ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသန်းထွန်းအောင်က ပြော သည်။
Ooredoo မိုဘိုင်းဖုန်းလိုင်းများကို အရောင်းဆိုင်ပေါင်း ၆,၅၀၀ ကျော် ၌ ရောင်းချပေးမည်ဖြစ်ပြီး ငွေဖြည့် ကတ်များကို အရောင်းဆိုင်ပေါင်း ၃ သောင်းခန့်မှ ရောင်းချပေးသွားမည်ဟုလည်း သိရသည်။ လက်ရှိအချိန်၌ ပြင်ပဈေးကွက်တွင် Ooredoo ဆင်းမ်ကတ်များကို ငွေကြေးအပိုကောက်ခံ၍ ရောင်းချနေကြသော်လည်း အဆိုပါပြဿနာမှာ ရက်ပိုင်းအတွင်း ပြေလည်သွားနိုင်ကြောင်း ဦးမြင့်ဇော်ကပြောသည်။
Credit: Internet Journal

0 comments:
Post a Comment